ဆောင်းရာသီမှာ နှင်းခူဘာကြောင့် ပြန်ကြွတတ်တာလဲ
နှင်းခူဆိုတာ ခြောက်သွေ့နီရဲ ရောင်ရမ်းယားယံပြီး ငါးအကြေးခွံလို ဖြစ်နေတတ်တဲ့ အရေပြားရောဂါ တစ်မျိုးပါ။ နှင်းခူရောဂါဟာ ကုသလို့ ရောဂါလက္ခဏာတွေ ပျောက်သွားပေမယ့်လည်း အခါအခွင့်သင့်ရင် ပြန်ပြီးတော့ ကြွလာတတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာ အေးမြပြီး ပိုမိုခြောက်သွေ့တဲ့လေတွေကြောင့် နှင်းခူရောဂါ ပြန်ဖြစ်တတ်ပါတယ်။
ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့လေတွေအပြင် အိမ်ထဲမှာ နွေးအောင် အပူပေးစက်ဖွင့်ထားတာ၊ မီးဖိုထားတာတွေ ပေါင်းပြီး အရေပြားဟာ ခြောက်သွေ့သထက် ခြောက်သွေ့လာကာ နှင်းခူရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် အဝတ်ထူထူကြီးတွေ ဝတ်တာ၊ စောင်အထူကြီးတွေ အထပ်ထပ်ခြုံတာ၊ ရေပူတွေနဲ့ ရေချိုးတာ၊ အရေပြားဓာတ်မတည့်စေတဲ့ အရာတွေ၊ ရောဂါပိုးမွှားတွေ၊ မှိုပိုးတွေ၊ ဖုန်မှုန်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အမွှေးတွေ၊ သန်းတွေ၊ စိတ်ဖိစီးမှု စတာတွေကြောင့်လည်း နှင်းခူရောဂါ ပိုဆိုးနိုင်ပါတယ်။
နှင်းခူရောဂါဖြစ်ရင် အရေပြားက…
- အလွန်အမင်းယားယံတာ (အထူးသဖြင့် ညဘက်တွေမှာ)
- နီရဲရောင်ရမ်းနေတာ
- ခြောက်သွေ့အက်ကွဲပီး အနီရောင် သို့မဟုတ် အညိုရောင်ပြောင်းပြီး အဖတ်အဖတ်တွေ ဖြစ်နေတာ
- ငါးအကြေးခွံလို ဖြစ်နေတာတွေ တွေ့ရတတ်ပါတယ်။
ဘာလုပ်ရမလဲ?
နှင်းခူရောဂါအတွက် အရေပြားဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှုခံယူရမှာပါ။ ဒါပေမယ့် ဆေးလိမ်းဆေးသောက်တာနဲ့ နှင်းခူရောဂါ သက်သာရင်တောင် ပြန်ဖြစ်နိုင်ခြေက ရှိနေမှာမို့ အောက်ပါအချက်တွေကိုလည်း ဂရုပြုလိုက်နာသင့်ပါတယ်။
(1) ရေပူချိုးခြင်းမှ ရှောင်ပါ
ချမ်းတဲ့အခါ ရေပူနဲ့ ချိုးချင်ကြတာပါပဲ။ ရေပူအစား နွေးယုံသာရှိတဲ့ ရေကို အသုံးပြုပါ။ ရေချိုးချိန်ကိုလည်း ၅ မိနစ်- ၁၀ မိနစ်ထက် ပိုမကြာပါစေနဲ့။
(2) အားပျော့တဲ့ ဆပ်ပြာသာ သုံးပါ
အားပြင်းတဲ့ ဆပ်ပြာတွေမှာ ဓာတုပစ္စည်းတွေ အများကြီးပါတတ်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ ရေချိုးဆပ်ပြာရည်ပျော့ပျော့ကိုသာ သုံးသင့်ပါတယ်။
(3) Moisturizer ထူထူလိမ်းပါ
ရေချိုးပြီးတာနဲ့ အစိုဓာတ်ထိန်းဖို့ Moisturizer လိမ်းကို လိမ်းရပါမယ်။ နွေရာသီနဲ့ မိုးရာသီမှာ သုံးနေကျ Moisturizer တွေထက် ပိုပြစ်တဲ့ Moisturizer မျိုးကို ရွေးချယ်ပါ။
(4) ချည်ထည်တွေ ဝတ်ဆင်ပါ၊ အဝတ်အထူအကြမ်းတွေ ရှောင်ပါ
အဝတ်ထူထူ ကြမ်းကြမ်းတွေက နှင်းခူကို ပိုဆိုးစေလို့ ချည်ထည်လို နူးညံ့တဲ့ အဝတ်အစားတွေသာ ရွေးချယ်ပါ။
(5) Humidifier သုံးပါ
အိမ်တွင်းမှာ လေထုခြောက်သွေ့နေတာ သက်သာအောင် Humidifier သုံးသင့်ပါတယ်။ Humidifier မရှိရင်လည်း ခွက်ကြီးကြီးတစ်ခုထဲမှာ ရေနွေးထည့်ပြီး ချထားလို့ရပါတယ် (အပူမလောင်အောင်တော့ ဂရုစိုက်ပါ)။
(6) လေဝင်လေထွက် ကောင်းအောင် လုပ်ပါ
အေးလို့ တံခါးတွေ အမြဲပိတ်ထားတာက အိမ်ထဲမှာ မှိုပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ၊ ဖုန်မှုန်တွေ ခိုအောင်းနေအောင် အားပေးတာမို့ နေ့လည်ဘက်မှာ တံခါးတွေဖွင့်ထားပြီး နေရောင်ခြည်ရအောင်၊ လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။
(7) ရေများများ သောက်ပါ
ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေက ခြောက်သွေ့မှုကင်းလို့ နှင်းခူရောဂါ မဖြစ်အောင် ကူညီပေးမှာပါ။
နှင်းခူရောဂါနဲ့ ဆောင်းရာသီကတော့ အမြဲတွဲနေတတ်တာပါပဲ။ နှင်းခူပြန်မကြွအောင် ကြိုးစားကာကွယ်ဖို့က ကိုယ့်တာဝန်မို့ နှင်းခူဖြစ်ဖူးတဲ့သူတွေ သတိထားကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်